အရပ်ထဲမှာ အပြောများတဲ့ စိန်နဲ့ သံပုရာ ရောသောက်ရင် သေတယ်ဆိုတာမျိုးပေါ့။
သံပုရာ သောက်သောက် မသောက်သောက် စိန်သောက်ရင် သေမှာပါပဲ။ ဥပမာ ဆောင်ရရင်
အီရတ်မှာ ခွဲတဲ့ တန်ဝက်ဗုံးတို့ တစ်တန်ဗုံးတို့ ခွဲတဲ့အခိုက် အဲသည်အနားမှာ
စွပ်ကျယ်လက်ပြတ်ကလေးနဲ့ ရောက်သွားရင် သေမယ်လို့ ပြောသလိုပါပဲ။
စွပ်ကျယ်ပဲဝတ်ဝတ်၊ အနွေးထည်ပဲဝတ်ဝတ်၊ ကိုယ်တုံးလုံးပဲနေနေ၊ ယုတ်စွအဆုံး
ကျည်ကာအ၀တ်ကြီး ၀တ်ထားရင်တောင် ဗုံးက သိပ်ကြီးတော့ သေမှာပါပဲ။
သေချာတာ တစ်ခုကတော့
အာဆင်းနစ်ကို လိမ္မော်ရည်၊ သံပုရာရည်နဲ့ တွဲသောက်လို့ ပိုဆိုးမလာပါဘူး။ ပိုဆိုးစရာလဲ မရှိပါဘူး။ စိန်ဆိုတဲ့ အရာရဲ့ ဓါတ်သတ္တိကိုက အဆိပ်ပါ။ သံပုရာနဲ့တွေ့မှ ဓါတ်ပြုပြီး အဆိပ်သင့်စေတာ မဟုတ်ပါဘူး။
ဒါနဲ့ စကားမစပ် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက မြန်မာပြည်မှာ အာဆင်းနစ် အဆိပ်သင့်တယ်ဆိုတာ ကြားလိုက်ရသေးတယ်။ အညာဖက်မှာ ရေတွင်းတွေ တူးရင်းနဲ့ ထွက်လာတယ်ဆိုလား။ အာဆင်းနစ်ဟာ မီးတောင်ကထွက်တဲ့ ချော်ရည်တွေထဲမှာ ပါလာတတ်တာမျိုးပါ။ မီးတောင်ဟောင်း ဒါမှမဟုတ်လဲ ချော်ရည်ဟောင်းတွေနားမှာ ရေတွင်းတူးမိရင်၊ မြစ်ရေသောက်မိရင် ရတတ်ပါတယ်။ ရေတွင်းတူးပြီးရင် မသောက်ခင် အဆိပ်ကလေးဘာလေး စစ်ကြည့်တာ မမှားပါဘူး။
ဘယ်လိုမှ ကာကွယ်လို့ မရတဲ့ နောက်တစ်လမ်းကတော့ အဲသည်အဆိပ်တွေက မြစ်ထဲချောင်းထဲရောက်ပြီး ငါးတွေ ပုစွန်တွေထဲရောက်။ အဲလိုနဲ့ လူဆီ ပြန်ရောက်လာတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ နည်းလမ်း မရှိပါဘူး။ ၀မ်းသာဖို့ ကောင်းတဲ့ အချက်ကတော့ ပုစွန်စားပြီး အာဆင်းနစ် အဆိပ်သင့်ဖို့ဆိုတာ အတော့်ကို ခက်ပါတယ်။ အာဆင်းနစ်ဟာ ဆိုင်ယာနိုက်လို နည်းနည်းကလေး ၀င်ရုံနဲ့ သေစေနိုင်တဲ့ဟာမျိုး မဟုတ်ပါဘူး။ ပြီးတော့ ပုစွန်ဆိုတာ ပင်လယ်မှာနေတာပါ။ (မွေးပုစွန်ကိုတော့ ဘယ်သူမှ အာဆင်းနစ် ကျွေးပြီး မမွေးပါဘူး။) ပင်လယ်ဆိုတာ အကျယ်ကြီးမို့ ပုစွန်တိုင်းက အာဆင်းနစ် အဆိပ်သင့်မနေပါဘူး။ အာဆင်းနစ်အဆိပ်သင့်တဲ့ ပုစွန်ကို စားချင်ရင်တောင် သိပ်မလွယ်ဘူးခင်ဗျ။ ဒါတွေကို စဉ်းစားခြင်းအားဖြင့် နေ့တိုင်း ပုစွန်စားရင်တောင် အာဆင်းနစ် ဘယ်လောက်မှ မ၀င်ပါဘူး။ နှစ်ပေါင်းများစွာကြာမှ ဖြစ်ချင်လဲ ဖြစ်မှာပေါ့လေ။ နေ့ပိုင်း၊ လပိုင်းနဲ့ ဖြစ်ဖို့ဆိုတာ ဝေးပါသေးရဲ့။
creadit to ဒေါက်တာလမ်းမတော်သား@အချစ်တက္ကသိုလ်

No comments:
Post a Comment