ဖတ်သမျှ မှတ်သမျှတွေထဲမှာတော့ ကျနော် မှတ်မိနေတဲ့ အကြောင်းအရာလေး တခုကိုပြောပြပါ့မယ်။ဇာတ်လမ်းတို မဟုတ်တဲ့ စာစုလေးပေါ့...မူရင်း အရေးအသားအတိုင်း ကျနော် အတွေးနဲ့ ချပြပါရစေ.....
ကျမ ကို အရမ်းခိုင်းတယ်ရှင့်။တခါတလေ ကျမ တညလုံး အလုပ်လုပ်ရတယ်။ကျမ ပင်ပန်းတာကိုသူမသိဘူး ဇွတ်ခိုင်းတာပဲ။ တခါတလေ ကျမ အဝေးကြီးကို ထွက်သွားချင်တယ် သူတို့နဲ့ ဝေးရာကိုပေါ့။ ဒါပေမဲ့ ကျမ ထွက်မရအောင် လုပ်ထားတယ်။ကျမဘဝကိုစဉ်းစားကြည့်လေ။ နေ့ဘက်ဆိုရင် နားရတယ် ။ဒါပေမဲ့ ညဘက်ဆို ကျမ အလုပ်လုပ်ရပြီ။
တချို့ ဧည့်သည်တွေက တော့ သဘောကောင်းတယ်ရှင့် ။ကျမကို အဝေးကြီးမှာ မြင်ကတည်းကိုက တော်တော်လှတာပဲလို့ ချီးကျူးကြတယ်။ ကျမ အနားရောက်ရင် တော်တော်တောင့်တာပဲလို့ အမှတ်ပေးပြန်တယ်။ ကျမ အပေါ်ရောက်ရင် တော်တော်ကောင်းတာပဲလို့လဲ ဆိုပြန်တယ်။အဲလိုလူမျိုးကျတော့လဲ ကျမ ပီတိ ဖြစ်ရပြန်တာပေါ့ ။တချို့ ကောင်လေး ခပ်ငယ်ငယ်တွေဆိုရင်တော့ ကျမ ကြောက်တယ်ရှင့် ဘာလို့လဲဆိုတော့ သူတို့က အရမ်းကြမ်းတယ်။ အရက်တွေသောက်ကြတယ် မူးကြတယ်။ ဒါနဲ့မပြီးသေးဘူး ကျမ အပေါ် တတ်ခုန်တယ်။ တခါတလေ အရမ်းမူးတဲ့လူတွေဆို ကျမ အပေါ်တောင် အန်ကြတယ်။ အဲလိုလူမျိုးကျတော့ ကျမ တော်တော်စိတ်ပျက်မိတယ်။ ကျမ ကို ခိုင်းတဲ့လူကတော့ ပိုက်ဆံရရင်ပြီးရော ဆိုပြီး လာသမျှလူ ကျမဆီ ထိုးထည့်တော့တာပဲ...။အစပိုင်း အရမ်း စိတ်ညစ်ပေမဲ့ နောက်ပိုင်း ကျမ အလုပ်မှာ နေသားကျ ဖြစ်လာပါပြီ။အန်ကယ်ကြီးတွေ ကိုကိုကြီးတွေ ကိုကိုတွေ မောင်လေးတွေ လူဆိုးလေးတွေ စုံလို့ပါပဲ ။သူတို့ဆိုးသမျှ ခံပြီး သူတို့ပျော်ဖို့ ပဲ ဦးစားပေးရတယ်လေ။ သူတို့ ဘယ်လောက်ပဲစိတ်ညစ်ညစ် ကျမ နဲ့တွေ့ရင်ပျော်စေရမယ် လို့တောင် ကျမကို ခိုင်းတဲ့လူက ကျမ ကို အာမခံထားတယ်။ ကျမလဲ ပျော်အောင် အတတ်နိုင်ဆုံး ဝန်ဆောင်မှုပေးရတာပေါ့။ဒါ ကျမ အလုပ်နဲ့ တာဝန်ပဲလေ။ အော်....ဒါနဲ့ ကျမ ကို သဘောကျတဲ့လူ ရှိတယ် သိလား... ။လူတွေကတော့စုံလို့ပါပဲ ပင်လယ်မှာ အလုပ်လုပ်တဲ့လူပါတယ် ။ မြစ်ထဲမှာ ငါးဖမ်းတဲ့လူပါတယ်ရှင့်။အော် .......မေ့နေတာ..ကျမကိုယ်ကျမ မိတ်ဆက်ပေးရဦးမယ် ။ကျမနာမည်က ဘောဂဝတီတဲ့ အပျော်စီး သင်္ဘောကြီးပေါ့ရှင်။ ။
မူရင်း အရေးအသား---ဦးစံနီ(တံဆိပ်ခေါင်းစုဆောင်းရေး စာအုပ် ထုတ်ဝေသူ) အား ဂုဏ်ပြုရေးသား မှတ်တမ်းတင်အပ်ပါသည်။

No comments:
Post a Comment