ဟုတ်ကဲ့ ..ကျုပ် နိုင်ငံရေး စိတ်မဝင်စားပါ။ သို့သော်လဲ သိသလောက် ကချွတ်ကချောက်လေးနဲ့ နိုင်ငံရေး နဲနဲ ပြောချင်သဗျ။ ဒီလို ခင်ဗျ...နိုင်ငံရေး လောက ထဲ ဝင်မယ်လို့ စဉ်းစားကြည့်တော့ ခွပ်ဒေါင်း ဆိုလား ဘာဆိုလား အဲဒါက တဖက်ဗျ...။ခြင်္သေပုံ ကြီးနဲ့ ကြံ့ဖွင့်ဆိုလား ဘာလားက တဖက်။ ဒီကြားထဲ စစ်တပ်ဆိုတာကြီးက တမျိုး...အမျိုးမျိုး အဖုံဖုံ နဲဗျ။ ကျုပ်တို့ လယ်စိုက်ပြီး အေးအေးနေတဲ့ လူ နိုင်ငံရေး န တလုံးမှ မသိ သတင်းစာလေး ဖတ် အခုတော့ စာစောင်လေး ငတ်တလှည့် ပျက်တလှည့်...
ကျုပ်စဉ်းစားသဗျ ..ဒီမိုကရေစီဆိုတာကြီးကိုပေါ့။ တချို့ကလဲ ဒီမိုကရေစီ မရဘူးပြောကြ ။တချို့များကျတော့လဲ လွတ်လပ်ရေးမရသေးဘူး ပြောကြ။ ဒီကြားထဲ စစ်ဖိနပ်ကြောင့်ဆိုတာကလဲ ရံဖန်ရံခါ ဆိုသလိုကြားရသေး။ ပါးရိုက်ဝန်ကြီးက တမျိုး တနပ်လျှော့စား ဝန်ကြီးက တဖုံ..။အော်...ကျုပ်တို့ရွာ လမ်းခင်းတာလေး ဘာမဆိုင်ညာမဆိုင် သတိရလိုက်သေးတယ် ခင်ဗျာ့။ ဒီလိုဗျ...ရွာက လမ်းမကောင်းဘူးလေ ရွာ ဝင် လမ်းမကြီး ဆိုပါတော့။ အရင်က ရွာဝင်လမ်းမကြီး အဆုံး စပါးခင်းက ကြည့်လိုက်ရင် ရွာသီး ဘုန်းတော်ကြီးကျောင်းက ခပ်ပြပြလေး မြင်ရသကိုးဗျ။နောက်တော့ သူကြီးတွေ အဆင့်ဆင့်ပြောင်း မှတ်မိသလောက် သူကြီး သာဒင် လက်ထက်ပေါ့ ။ သာဒင့်အိမ်က ရွာ အလယ်ပိုင်းလောက်မှာပေါ့ဗျာ။ သူအိမ်မှာ အလှူလုပ်တာတို့ ရွာ အတွက် သိုင်းဝိုင်းကြတဲ့ အခါ ခြံက ကျဉ်းလို့တဲ့ အရှေ့ လမ်းမပေါ် နဲနဲ ထွက်ပြီး ခြံခတ်သတဲ့။ တခုကောင်းပေမဲ့ တခု မကောင်းတာက လမ်း ပေါ် သာဒင့် ခြံစည်းရိုးကြီး ရောက်နေတာပါ။ ရွာသူရွာသားတွေကလဲ မပြောဘူးခင်ဗျာ့။ ခက်တာက သာဒင် က သူရှိတဲ့ နေရာ ရွာလူကြီးတွေ အကုန်ခေါ်ပြီး တိုင်ပင်တာပဲ ဗျ။ သာဒင်ကြီး က သူ့သားတွေ သမီးတွေ အိမ်ပါမကျန် အစုံ သွားနေတော့ကား သူ့သားတွေ သမီးတွေ အိမ်ပါ ချဲ့ရတော့တာပေါ့။ ဒီလိုနဲ့ အိမ်ခြေ ၃ ရာလောက်ရှိတဲ့ ရွာလေးမှာ အိမ်ခြေ ၄၀ လောက် ရွာလမ်းမပေါ်ထိ တတ်လာတယ် ဆိုပါတော့ဗျာ။ ဆိုးတာက သာဒင် အလှူ လုပ်ရင်ပဲဆိုပါတော့ ။ သာဒင်အလှူလုပ်ရင် ရွာက အိမ်တိုင်း ဆန် ၂ ဗူး ကြက်သွန် ၁၀ သား ဆီ ၁၀ သား..အစရှိသဖြင့် ယူလာခိုင်းတာပဲဗျ။ သူကြီး အလှူ ရွာသားကောင်းမှု ပေါ့ဗျာ။ အဲ့နေ့ည ဆို အိပ်မရဘူး တညလုံး လော် နဲ့ ဓါတ်စက်နဲ့ ဖွင့်တော့တာဗျို့။ မိုးတွင်း ကျပြန်တော့ မျိုးစပါး တအိမ် ၁ ပြည်နှုန်း ကောက်ပြန်တယ် ။ သူကြီး လယ် ဆိုပြီး အချို့ လယ်တွေကို သိမ်းပြန်သပေါ့။ နောက်တခု ဆိုးသေးသဗျ..။ဘာလဲ ဆိုတော့ သာဒင်နဲ့ သူ့ဆွေမျိုးတွေ ခြံလမ်းမပေါ်တတ်ခတ်ကြတော့ ရေမြောင်းတွေ ပိတ်လာတယ်ဗျ..။လမ်းပေါ်မှာ အရင်က ရေမတွေ့ရတဲ့ ကျုပ်တို့ရွာ အခုတော့ရွံ့တွေ ဗွတ်တွေနဲ့ ။ ဒီကြားထဲ သူကြီးကတော် ဒေါ်ရွှေက အတိုးပေးစားသဗျ။ အတိုးမှ မသတ်နိုင်ရင် ရှိတာ အကုန် ယူ တာကိုးဗျ။ သာဒင်ကနှစ်လုံးပြူးရှိနေတော့ ဘယ်သူမှ မပြောရဲကြဘူးကိုဗျ။ ရွာဦး ဆရာတော် တောင် သာဒင်ဆို လန့်နေရတယ်ဗျ။ ဒီလိုနဲ့ သာဒင် ကျန်းမာရေး မကောင်း အသက်ကလဲကြီး ဆိုတော့ သူ့သား အကြီး ဆုံးမောင်တုတ် ကို ရွာ ကို အုပ်ချုပ်ခိုင်းသပေါ့ဗျာ။ မောင်တုတ်က သာဒင့်ထက်ဆိုးရင် ဒုက္ခပဲလို့ တွေးပူနေတုန်းရှိသေး မောင်တုတ် လုပ်ရပ်ကြောင့် ရွာကလူတွေ အံအားသင့်ကုန်ကြတယ်ဗျ။ ဘာလဲဆိုတော့နှစ်လုံးပြူး သေနပ်ကို သူညီ မောင်လတ်ကို ပေးလိုက်လို့လေ။ နောက်တခု လုပ်သဗျ..ရွာလမ်းပြန်ခင်းဖို့ပေါ့ဗျာ။ ရွာလမ်းခင်းမယ်ဆိုတော့ တအိမ်ကို လူ တယောက် လာရမယ်လို့ပြောတော့ တစခန်းထတာက ရွာ အလယ်ပိုင်းက ဒေါ်ဘုကြီး ဗျ။ ဒေါ်ဘု နာမည်အရင်းက ဒေါ်ညိုမြတဲ့ ခင်ဗျာ့...ဘုတောတော ဂွတ်ကျကျမို့ တရွာလုံး နာမည်ပေးလိုက်တာက ဒေါ်ဘု တဲ့ ဗျ။ သူက နတ်ဆရာ လုပ်တော့ သူကိုကြည်ဆိုတဲ့ လူတွေကတော့ အမေဘု အမေဘုနဲ့ ပေါ့ဗျာ။ ဒေါ်ဘုက သူအိမ်မှာ သူပဲရှိသတဲ့ ။ သူ့အဖေ သာဒင့်အရင် သူကြီး လက်ထက်တုန်းက ရွာက ဘယ်လို ဘယ်ပုံ ကောင်းကြောင်း မြို့က ဆုံးသွားရှာတဲ့ သူယောင်္ကျား သင်ပေးတဲ့ အင်္ဂလိပ်စာ တစ်လုံးတလေ တောင်ညှက်ပြောလိုက်သေး။ ဒီလိုနဲ့ ပြန်ဖြစ်သွားတာက လာနိုင်တဲ့လူလာ ပေါ့ခင်ဗျာ့။ ဒီလိုနဲ့ လမ်း စခင်းပါတော့တယ်...ခက်တာက ဒေါ်ဘု နဲ့ မကင်းနိုင်တဲ့ လူတွေက မလာဘူးခင်ဗျာ့။ ဒေါ်ဘု တို့ အိမ်မှာ ပဲနေပြီး အမေဘုအမေဘုနဲ့ မြို့က ပါလာတဲ့ လက်ဖက်သုတ်တွေ ရေနွေးတွေ နင်းကန်သောက် လမ်းခင်းနေတဲ့လူလဲ အကောင်းမပြော..ဘေးထိုင်ဘုတော အလုပ် တနေကုန်လုပ်နေသဗျ။ ဒေါ်ဘု က ဘာပြောတယ် ထင်လဲ သူသာ သူကြီးဖြစ်ရင် ဒီလမ်းကြီး အရင်ကလို ပြန်ကောင်းသွားမှာ တဲ့ နတ်ဒေဝါတို့ရဲ့ အကူအညီနဲ့ ချက်ချင်းပြီးသွားမှာပါတဲ့ ခင်ဗျာ့။ လမ်းခင်းနေတုန်း ဗျာ ရေမြောင်းဖော်တော့ စိန်လက်စွပ် လေး တကွင်း ကောက်ရပါလေရောလားဗျ။ အဲမှာတင် ဒေါ်ဘုက သူပိုင်သင့်တယ် သူ့အဖေ လက်စွပ် လုပ်ပါလေရောလား ဗျ။ ဒီလိုနဲ့ သူရသင့်တယ် ငါရသင့်တယ် ငြင်းခုန်နေတာပေါ့။ သူတို့ ငြင်းခုန်နေတော့ လမ်းလဲ ဆက်မလုပ်ဖြစ် ..အဲတော့ ဒေါ်ဘု ဦးလေး ဖြစ်သူက ဘာပြောတယ်ထင်လဲ လမ်းမလုပ်ချင်လို့ အာရုံလွဲနေတယ် ဆိုပဲ ခင်ဗျာ့။ ဦးတုတ်ခင်းချင်တဲ့လမ်း ဒေါ်ဘုနဲ့ ဘယ်လို ခရီးဆက်မလဲ ဆိုတာတော့ စိတ်ဝင်စားစရာ ခင်ဗျာ့။ ဒေါ်ဘု သာ သူကြီး တကယ် ဖြစ်ရင် လမ်းကြီး ချက်ချင်းပြီးမလားဆိုတာကလဲ စိတ်ဝင်စားစရာဗျ။ အင်း အဲ့ ကိစ္စတွေ ဖြစ်နေတုန်း ကျုပ်လဲ မြို့တတ် အပင်အတွက်ဆေး ဝယ်နေတာနဲ့ ခုထိ မရောက်ဖြစ်သေးဘူး ..။လာမဲ့နှစ်တော့ ပြန်မလား စဉ်းစားတာပဲ ခင်ဗျာ့ ။ အင်း ဒီမိုကရေစီလဲ နီးပါစေ လမ်းလဲပြီးပါစေ လို့ပဲ ဆုတောင်းရုံမှ တပါး............။...........။

No comments:
Post a Comment