ကျနော်တို့ရပ်ကွက် မှာ ပွဲဈေးတန်း လုပ်တာ အလွန်ပေါလေသည်။ မှတ်မိသလောက် ဘာလေး လုပ်လုပ်ပွဲပါလေသည်။ ပွဲရှိတဲ့ရက်ဆို ကားလမ်းတွေက ပိတ်...အချိန်တွေကြာ..။ဘတ်(စ်)ကားပေါ်က လူတွေက ချွေးတလုံးလုံး..။ ကျနော်သတိထားမိသလောက် ၃ လ တခါလောက် လုပ်တယ်ဗျ ။ အဲ ..ပွဲလမ်းသဘင်ဆို ဝါသနာ မပါတဲ့ ကျနော့်ကို အိမ်သူက အပါခေါ်တော့ မယားစကား တည ဆိုသလို မလိုက်ချင်ပေမဲ့ ကျနော် လိုက်ခဲ့ရပါတော့တယ်။
အကြော်ရောင်းတဲ့ ဆိုင် ၊မုန့်ဟင်းခါးရောင်းတဲ့ဆိုင်တွေ ၊ အဝတ် အထည်ဆိုင် ၊ခြင်ထောင် အိုးခွက် အပြင် မြန်မာမုန့်တွေ ဖြစ်တဲ့ ဟာလဝါ ရေမုန့် မုန့်လင်မယား အဆုံး ဝတ်သားဒုတ်ထိုးဆိုင် ကွမ်းဆိုင်တွေကလဲ မနဲမနော....။ကွင်းပြင်မှာမို့ ဖုန်တွေကလဲ တထောင်းထောင်း...။ဟိုလူဝင်တိုက် ဒီလူဝင်တိုက်....။စက်ဘီး ဆိုက်ကား အပြင် ဆိုင်ကယ် ကားတွေကလဲ ဟွန်းသံ ဘဲ(လ်) သံတွေက တညံညံ...။သူသူကိုယ်ကိုယ် အပြိုင်ဖွင့်တဲ့ သီချင်းသံတွေက နားနဲ့ မဆံ...။ဘာမဆိုင်ညာမဆိုင် ကြည်သာပွဲကြိုက်ခင်ရဲ့ သီချင်းလေးတောင် သတိရသေးတယ်...အပျော်ဆိုတာရယ်..ငွေကုန်ခံနိုင်ရင်..အကောင်ဆုံးပဲ..ပွဲကြိုက်တယ် ခင်နှမရယ်.....တဲ့။ ကောင်းလိုက်တဲ့ မှန်လိုက်တဲ့ သီချင်းပေပဲလို့ မဆီမဆိုင် ကောက်ချက်ဆွဲမိသေးတယ်။ ဒီလိုနဲ့ လျှောက်လာတာ အရုပ်ဆိုင် တဆိုင်ရှေ့ ကလေးလေး တယောက် အရမ်းငိုနေတာ တွေ့ပါရော။ အမေလို့ ထင်ရတဲ့ မိန်းမကြီးကဆွဲ ကလေးက နင်းကန်ငို ....မိန်းမကြီးကြည့်တော့ မပြည်စုံရှာဘူးထင်ပါရဲ့ သူသားသမီးကို သူ ဝယ်ပေးချင်မှာပေါ့ လို့ပဲ တွေးပြီး ဆက်လျှောက်လာခဲ့တယ်။ ခြေတွေလဲ ညောင်းလို့ ဖုန်နံ့ကြောင့် ချောင်းကလဲ တဟွတ်ဟွတ်....ပွဲဈေးဆုံးတဲ့ အချိန်...ပြန်လှည့်ရတော့တယ်...တော်သေးတာက ပွဲဈေးက ၂ မှတ်တုင်စာလောက်ပဲမို့။
ဒီလိုနဲ့ အပြန်အလှည့် တွေ့မိလိုက်တာက ၃၀ ဝန်းကျင် ယောင်္ကျားတယောက် ၂၅ ဝန်ကျင်ရှိတဲ့ မိန်းခလေးကို ကောက်ညှင်းခြေတောက်(ကျည်တောက်)နဲ့ မိန်းခလေးနောက်ကနေ ကျောကို လှမ်းလှမ်းရိုက်နေတာ...ကောင်မလေးကလဲ ငို ...လဲကျလိုကျ ....ဟို ကောင်ကလဲ "ကောင်မ ပြန်ထစမ်း.." ဆိုပြီး လဲနေတာကို ထပ်ရိုက်....ကောင်မလေးကလဲ"မလုပ်ပါနဲ့ တောင်းပန်ပါတယ်..."...လို့ပြော ငိုကလဲငို..။ကျနော်တို့ မြန်မာတွေက မိန်းခလေးဆို အားနည်းတယ် ဆိုပြီး ညှာတာကြတဲ့ သဘောအတိုင်း ကျနော် ဒေါသဖြစ်မိတယ်။ ဟိုကောင်ကို ဆွဲထိုးမယ် လုပ်တော့ အိမ်သူက တားလေရဲ့ ..ကိုယ်ကိစ္စ မဟုတ်ဘူးတဲ့..။ကိုယ်ကိစ္စဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ မိန်းခလေးတယောက် အနိုင်ထက်ပြုနေတာကို ဘယ်သူကမှ နေနိုင်မှာမဟုတ်။ သို့သော် ဘယ်သူမှ မဆွဲကြ ဘယ်သူမှလဲ မဆွဲရဲကြ။..တချို့ကတောင်ပြောသွားသေး ခံပေါ့တဲ့။ ဒီလိုနဲ့ ကိုယ်ဒေါသကိုထိမ်းရင်း ကွမ်းယာ ဆိုင်ထဲဝင်ခဲ့တော့တယ်။ ကျနော်လဲ မနေနိုင်မထိုင်နိုင် "ဟိုနားလေးက ကောင်မလေး သနားပါတယ်ကွာ" လို့ပြောတော့ ကွမ်းယာဆိုင်ကောင်လေး ပြောမှ ကျနော် စိတ်တွေ ဘယ်လိုကြီး ဖြစ်သွားတယ်လဲ ကျနော်ကိုယ်တိုင်မသိတော့..။
ဒီလို အကိုရဲ့ ကောင်မလေးက နောက်မီးလင်းနေတာ..အခုလဲ ပွဲဈေးနောက်မှာ ပက်ပင်းတိုးလို့ ယောင်္ကျားဖြစ်သူက ဒေါသထွက်ပြီး ရိုက်နေတာ...တခါကလဲ သူ့ယောကျာင်္း ကို နောက်မိန်းမယူတယ်ဆိုပြီး ရန်ဖြစ်သေးတယ်..ယောကျာင်္းဖြစ်သူက ရိုးရိုးအေးအေးကြီး သူဖောက်ပြန်တာ သိမှာစိုးလို့ လုပ်ကြံပြီးပြောတာတဲ့.....
ဟုတ်တာမဟုတ်တာကတော့ သူတို့ အလုပ်လေ...ကျနော်ကတော့ ကိုယ်မြင်တာ ကိုယ်ထင်တာ ..တွေက အတွင်းကျကျ မသိပဲ မှားတယ် မှန်တယ် ဆိုတာ ဆုံးဖြတ်မရဘူး ဆိုတဲ့ အသိ......ထိုအသိမရှိပဲ ရမ်းလုပ်ရင် ကျနော်ရော စောစောက ယောကျာင်္းပါ ဒုက္ခရောက်နိုင်သည်က မလွဲမသွေ.....................

No comments:
Post a Comment