Tuesday, February 3, 2015

ဒေါက်တာ zero ၏ ဒသန

             ကျနော် တို့ စာသင်တဲ့ရန်ကုန်တက္ကသိုလ် ရူပဗေဒ အဆောင်သည် တိတ်ဆိတ်နေလေသည်။ အပ်ကျသံမျှပင် မကြားရ။ ကျောင်းသားကျောင်းသူများက စည်းကမ်းကြီးသည့် လက်ထောက်ကထိက တဦး ဘာပြောမလဲ ဘာတွေဆူမလဲ ဘယ်ပုံဆုံးမမလဲ ဆိုတာ ကို တခန်းလုံး စိတ်ဝင်စားနေလေတော့သည်။ လက်ထောက်ကထိကကြီးမှာ စာသင်ကလဲကောင်း စည်းကမ်းကလဲကြီး သည့် လူမှန်ကြီး ..။ကျောင်းသားများကလဲ ချစ်ကြောက်ရိုသေကြသည်။ မှန်လွန်းသဖြင့် တချို့သော ကထိကများပင် ကြည့်မရရကြ။ ဆရာနှင့် ပတ်သတ်ပြီး အမှတ်တရများစွာ ကျနော် ရှိခဲ့ဖူးသည်။

             ဥပမာ အားဖြင့် ကျောင်းသားကျောင်းသူများ ကန်ဘောင်ပေါ်မှာရှိနေသည်ကို တွေ့ခဲ့သော ဆရာက စာသင်ခန်းအရောက် " ရန်ကုန်တက္ကသိုလ် ကြီး ရေထဲမျောမပါစေရန် ကျောင်းသားတချို့နှင့် ကျောင်းသူတချို့အား ခိုင်းထားတယ်...."ဟု ဆိုလေသည်။တခါတလေ ဆရာက ဒေါသထွက်လျှင် "အေး ငါမရှိလို့လဲ ရန်ကုန်တက္ကသိုလ်ကြီးပြိုမသွားဘူး..ငါ့ကြည့်မရလို့ နယ်(စစ်တွေလား ၊ ပုသိမ်လား စာရေးသူမမှတ်မိတော့)ပို့ရင်လဲ သွားရမှာပဲ ...အေးရှိနေတဲ့ အချိန်တော့ ကျောင်းကောင်းအောင် လုပ်သွားမယ်....အေး ငါ တခြားရောက်ရင်တော့ ဒီကျောင်းနဲ့ ဘာမှ မဆိုင်တော့ဘူး.....မီးလောင်လောင် ရေမျောမျော.." ဟု ဆိုခဲ့ဖူးသည်။ ရန်ကုန်တက္ကသိုလ်ကြီး ယနေ့တိုင်ရှိနေသော်လဲ ကျနော်တတ်ခဲ့ရသည့် အချိန်နဲ့တော့ မတူတာအမှန် ။တိုးတတ်လာသလား ၊ပျက်စီးလာသလားတော့ မသိတော့ပြီ။ တခါက ကျောင်းသူတဦး ဘောင်းဘီ အကျပ်ဝတ်လာသည်။ ဆရာက ဘာသာခြားဖြစ်ပေမဲ့ ဘောင်းဘီ ဝတ်တာမကြိုက် ။ ဆရာ အတန်းထဲဝင်လာသည်နှင့် ထိုကျောင်းသူ နေစရာမရှိ....နောက်ဆုံးတန်းမှာ ထိုင်နေသော်လဲ ကိုယ့်ကိုကိုယ်မလုံ ...ဆရာက စာသင်ရန် စတိတ်စင်ပေါ် တတ်လိုက်သည့်အခါ ထို ကျောင်းသူကို လှမ်းမြင်လေသည်။ ဘာမှမပြော သို့သော် စာသင်ချိန်ပြီးဆုံးပြီးနောက်သူ့ရုံးခန်းသို့ တဦးချင်း အဆိုင်းမန့် တင်ခိုင်းလေသည် ။ ကျနော်တို့ အဖွဲမှ စာတော်သူပါသည့်အတွက် အဆိုင်းမန့်ကိုစောလျှင်စွာ တင်ပြီးခဲလေသည်။ နောက်တရက် အရောက် ဆရာ စာသင်ချိန်ရောက်လေသော်..."မနေ့က ကျောင်းသူ မတွေ့ပါလား ...အေး ငါ့ အချိန်တော့ မတတ်ရဲလောက်တော့ဘူး မနေ့က အဆိုင်းမန့် တင်ခိုင်းတယ် ..အတန်းထဲနေတော့ ဘောင်းဘီနဲ့ လွယ်အိပ် လက်တဝါးစာနဲ့ ...ငါ့ဆီလာတော့ ထမိန်နဲ့ ဘယ်သူကများ ချွတ်ပေးလိုက်သလဲမသိဘူး..အေး ကျောင်းလာတာ စာသင်ချင်လို့ပဲ ဖြစ်ရမယ်...သူ့ဟာ့သူ ဘာကြီးဖြစ်နေဖြစ်နေ စည်းကမ်းတော့ရှိရမှာပေါ့"တဲ့....ဆရာ အဲ့နေ့က ဒေါသထွက်နေမှန်း ကျနော် အပါအဝင် တခန်းလုံး သိကြလေသည်..။
         ဆရာ ပြောခဲ့တဲ့ စကားတွေ ဆုံးမတာတွေထဲက ကျနော် အမှတ်ရဆုံး မှာ ဒေါက်တာ ဇီရိုး ပင်ဖြစ်လေသည်။ ဒေါက်တာဇီးရိုးမှာ ရူပဗေဒ ကျောင်းသားများထဲတွင် အတော်ဆုံးဟု ဆရာ ကပြောလေသည်။ စာမေးပွဲခန်းမထဲအရောက် ဒေါက်တာဇီရိုး ခေါ် ထို ရူပဗေဒကျောင်းသားသည် ခြေတချောင်းထောက်ပြီး သူသည် ဒေါက်တာဇီးရိုးဖြစ်ကြောင်း စာမေးပွဲ ဆိုတာ ဖြေစရာ မဟုတ်ကြောင်း တန်ဖိုးမရှိသော ဦးနှောက်ဖြင့် ဖြေနေသည်ဖြစ်ကြောင်း၊ ဦးနှောက်အလွတ်သည် ပိုတန်ဖိုးရှိကြောင်း ၊စသည်ဖြင့် တခြား စာဖြေသူများအား ပြောသဖြင့် အခန်းစောင့် ဆရာများက ဆွဲထုတ်ပြီး ရဲလက်အပ်လေတော့သည်။ ရဲများက မေးမြန်းမှတ်သားနေသည်ကိုကြည့်ပြီး ဒေါက်တာဇီးရိုးမှ "ခင်ဗျား ဗျာ မှတ်နေသေးတယ် မမှတ်ပါနဲ့ဗျ တန်ဖိုး ကျတာပေါ့ "ဟု ဆိုလေရာ သဘောကောင်းသော ရဲတဦးမှ " ဘာလို့လဲဗျ"ဟု မေးလေသည့်အခါ "ခင်ဗျား စဉ်းစားကြည့်လေ ..စာအုပ် အလွတ်က ဘယ်လောက်ပေးရလဲ" ရဲသားလေးမှ " ၁၀၀ နဲ့ အထက်လောက်ပေါ့ဗျ" ဒေါက်တာဇီရိုးမှ "ဒါဆိုရေးပြီးသား စာအုပ်ရော" ရဲလေးမှ " ၁ ပိသာ ၅၀ကျပ်လောက်တော့ ရမယ်ထင်တယ်ဗျ"ဟု ဆိုလေရာ..." အဲဒါကြောင့်ပြောတာ ခင်ဗျား ရေးလေ မှတ်လေ ဈေးကျလေ" ဟု ပြောလေသည်။

     ကျနော်စဉ်းစားမိသည် သူပြောတာလဲ ဟုတ်သလိုလို ..။ သို့သော် မှတ်ဥာဏ်ထဲမှာ တချို့ ဖျက်လိုက်ဖို့ မသင်တာ ဖျက်မရတာတွေရှိနေတာ သူပဲ မသိလေရောသလား ..သို့တည်းမဟုတ် ....အမှိုက်တွေမများစေချင်တာလား......။ တွေးရင်းတွေးရင်း.......

၎င်းစာဖြင့် ရူပဗေဒဌာန ရန်ကုန်တက္ကသိုလ်မှ ဆရာများအား ဂုဏ်ပြုလျှက်...

No comments:

Post a Comment